top of page

Aid in reverse?


ပြောင်းပြန်စီးသော အကူအညီများ (သို့မဟုတ်) ဆိုးရွားလာသော မညီမျှမှုပြဿနာ

ရေးသူ - ငြိမ်းဇာနည်နိုင်

အတိတ်ကကမ္ဘာမှာ ကိုလိုနီစနစ်ကိုအခြေခံပြီး အနောက်အင်အားကြီးနိုင်ငံတွေက၊ ဆင်းရဲတဲ့နိုင်ငံတွေရဲ့ သယံဇာတတွေ၊ လုပ်အားတွေကို ခေါင်းပုံဖြတ်အမြတ်ထုတ်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာတော့ ချမ်းသာတဲ့နိုင်ငံကအစိုးရများက “အလှူရှင်”တွေအဖြစ်အသွင်ပြောင်းပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေကို အထောက်အပံ့တွေပေးခဲ့ကြတာ နှစ်ပေါင်းကြာခဲ့ပါပြီ။ ဆယ်စုနှစ်ပေါင်းများစွာ အလှုငွေတွေထောက်ပံ့ပေးခဲ့ပေမယ့် ဆင်းရဲမွဲတေမှုဟာ လျော့ကျမလာပဲ တိုးလာနေပါတယ်။ အံ့သြစရာကောင်းတာက အလှူရှင်နိုင်ငံတွေကတော့ ပိုမိုချမ်းသာကြွယ်ဝလာတာပါပဲ။ ဒါဟာဘာကြောင့်လဲ။ ဒီကနေ့ကမ္ဘာမှာတော့ မညီမျှမှု(Inequality)ဟာ သမိုင်းမှာအဆိုးရွားဆုံးအခြေအနေဖြစ်လာနေပါတယ်။

မကြာသေးမီကပဲ ကမ္ဘာ့ဘဏ္ဍာရေးသမာဓိလေ့လာရေးအဖွဲ့၊ နော်ဝေစီးပွားရေးတက္ကသိုလ်နဲ့ပညာရှင်များအဖွဲ့ရဲ့ “ငွေစီးဆင်းမှုနှင့်အခွန်ရှောင်မှုများပူးပေါင်း၍ လူသန်းပေါင်းများစွာ၏ ဘ၀ကိုထိခိုက်စေခြင်း” “Financial Flows and Tax Havens: Combining to Limit the Lives of Billions of People” အစီရင်ခံစာထွက်ပေါ်လာပါတယ်။ ဒါနဲ့ ပတ်သက်ပြီး လန်ဒန်တက္ကသိုလ်က ပညာရှင်တစ်ဦးဖြစ်သူ ဂျေဆင်ဟစ်ကယ်က “Aid in Reverse” ပြောင်းပြန်စီးဆင်းသောအထောက်အပံ့များ ဆိုပြီးဂါးဒီးယန်းသတင်းစာမှာ ဆောင်းပါးရေးပါတယ်။ ဒီအစီရင်ခံစာအရ ချမ်းသာတဲ့နိုင်ငံတွေက ဆင်းရဲတဲ့နိုင်ငံတွေ ဖွံ့ဖြိုးစေဖို့ အထောက်အပံ့ပေးနေတာမဟုတ်ဘဲ သူတို့ရဲ့ ဥစ္စာဓနတွေကြွယ်ဝဖို့ ဆင်းရဲတဲ့နိုင်ငံတွေက ဖြည့်ဆည်းပေးနေရတာသာဖြစ်တယ်လို့ဆိုပါတယ်။ ဒါဟာ ခြောက်ခြားစရာသတင်းဖြစ်ပါတယ်။

အစီရင်ခံစာမှာကြည့်ရင် ၁၉၈၀ကစလို့ ယနေ့တိုင် ဆင်းရဲသားနိုင်ငံများက ကမ္ဘာ့ချမ်းသာတဲ့နိုင်ငံများထံ စီးဆင်းငွေ စုစုပေါင်း ၁၆.၃ ထရီလီယံရှိတယ်လို့ဆိုပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံရဲ့ ဂျီဒီပီ ပမာဏရှိနေပါတယ်။ ဒါကိုကြည့်ရင် ကမ္ဘာကြီးရဲ့ ချမ်းသာကြွယ်ဝမှုအတွက် ဆင်းရဲသားများက အလုပ်အကျွေးပြုနေရသလားလို့မေးခွန်းထုတ်စရာရှိပါတယ်။

ဆင်းရဲတဲ့နိုင်ငံတွေကနေ ချမ်းသာတဲ့နိုင်ငံတွေကို ဘဏ္ဍာရေးစီးဆင်းမှုအရပ်ရပ် (Net Resources Transfer) ကိန်းဂဏန်းတွေကို တွေကိုကြည့်ရင် ထင်သာမြင်သာရှိတာကတော့ “ကြွေးမြီများ” ဖြစ်ပါတယ်။ နယူးယောက်နဲ့လန်ဒန်ကဘဏ်ကြီးများကို အတိုးပေးရငွေချည်းပဲ ကြည့်ရင် ဒေါ်လာ ၄.၂ ထရီလီယံရှိပါတယ်။ ဒီလောက်များပြားတဲ့ပမာဏဟာ ချမ်းသာတဲ့နိုင်ငံကြီးတွေက ပြန်ပေးတဲ့အလှူငွေနဲ့ ယှဉ်လိုက်ရင် အင်မတန်နည်းပါးပါတယ်။ ဒုတိယနေရာမှာကတော့ “နိုင်ငံခြားရင်းနှီးမြှပ်နှံမှု” တွေဖြစ်ပါတယ်။ အာဖရိကက ရေနံတူးဖော်မှုတွေနဲ့ရွှေတွင်းတွေကရတဲ့ ငွေတွေဟာ သူတို့ပြန်လည်ရရှိတဲ့ အကူအညီတွေရဲ့ သေးငယ်တဲ့ရာခိုင်နှုန်းမျှသာရှိပါတယ်။ ဒီနေရာမှာ ကိန်းဂဏာန်းအတိအကျမပြနိုင်ပေမယ့် ပမာဏအားဖြင့်အများဆုံးလို့သတ်မှတ်နိုင်တာကတော့ “တရားမ၀င်ငွေကြေးထွက်ခွာခြင်း” (Illicit Capital Flight) ဖြစ်တယ်လို့ဆိုပါတယ်။ နိုင်ငံတကာကုန်သွယ်မှုစနစ်ကို ခုတုန်းလုပ်ပြီး နိုင်ငံစုံကျော်ကော်ပိုရေးရှင်းကြီးတွေ (ပြည်တွင်းလုပ်ငန်းကြီးတွေလည်း ပါပါတယ်) အများစုက အရောင်းအ၀ယ်စာရင်းအလိမ် (Trade Miss-invoicing) လုပ်ကြပါတယ်။ အဓိကကတော့ အခွန်ရှောင်ဖို့ နဲ့ ငွေကြေးခ၀ါချဖို့အတွက်ဖြစ်ပါတယ်။ ၁၉၈၀ကနေ ခုချိန်ထိ တရားမ၀င်ထွက်ငွေတွေကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ နစ်နာမှု ဒေါ်လာ ၁၃.၄ ထရီလီယံ ရှိပါတယ်။ ဒီလုပ်ရပ်ဟာ ဆင်းရဲသားများထံက ဥစ္စာကို ကြွယ်ဝသူတွေက ပြောင်ပြာင်တင်းတင်း “ခိုးယူခြင်း” ပဲဖြစ်ပါတယ်။

ဒီအချက်အလက်တွေအားလုံးဟာ ဘာကိုညွှန်ပြနေလဲဆိုရင် အကူအညီအထောက်အပံ့ ဆိုတဲ့ခေါင်းစဉ်ကို တစ်ဖက်ကကိုင်ပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက သူတို့အကျိုးစီးပွားအတွက် မတရားတဲ့တဲ့ခွဲဝေမှုတွေကိုရှိနေခြင်းကို အားပေးနေတဲ့အခြေအနေဖြစ်ဖြစ်ပါတယ်။ ဆင်းရဲတဲ့နိုင်ငံတွေဟာ ငွေကြေး၊ အကူအညီတွေထက် တရားမျှတမှုကို ပိုမိုလိုအပ်လာပါတယ်။ အထူးသဖြင့် ကမ္ဘာ့ဓနအတွက် ဆင်းရဲသားများက တစ်ဖန်အလုပ်အကျွေးပြုနေရတဲ့ အဖြစ်ကိုပြောင်းလဲဖို့လိုပါတယ်။

ကျွန်တော်တို့နိုင်ငံအနေနဲ့လည်း လက်ရှိအပြောင်းအလဲကာလမှာ နိုင်ငံတကာကအကူအညီနဲ့ အလှုငွေတွေ၊ ရင်းနှီးမြှပ်နှံမှုတွေ ၀င်လာမစဲရှိပါတယ်။ အကူအညီတွေအားလုံးဟာ အဆိုးတော့မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကမ္ဘာအရပ်ရပ်က အဖြစ်အပျက်တွေကို သင်ခန်းစာယူပြီး ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ကျွန်တော်တို့အနေနဲ့ မညီမျှမှုသံသရာထဲမှာ မျောမပါဖို့။ အထူးသဖြင့်တော့ အကူအညီအထောက်အပံ့ဆိုတာတွေနဲ့ ပတ်သက်ရင် ကိုယ်ပေးလိုက်ရတာနဲ့ ပြန်ရတာ မမျှမှာကို သတိရှိဖို့လိုပါတယ်။ အဲဒီ့အတွက် ရေတိုမှာ ခံနိုင်ရည်၊ ရေလတ်မှာ အစွမ်းအစနဲ့ ရေရှည်အတွက် အစီအမံကောင်းများလိုမှာဖြစ်ကြောင်း PK Forum ကနေဆွေးနွေးတင်ပြလိုက်ပါတယ်။

bottom of page