top of page

Community Driven Development?: An interview with a community facilitator

  • Tamas Wells
  • Dec 29, 2016
  • 1 min read

“လူထုဗဟိုပြုစီမံကိန်းဟာ လိုရင်းမရောက်ဘူးဖြစ်နေတယ်” လူထုဗဟိုပြုစီမံကိန်းမှ လူထုစည်းရုံးရေးမှုးတစ်ဦးနှင့်စကားပြောခြင်း

တွေ့ဆုံမေးမြန်းသူ - ငြိမ်းဇာနည်နိုင်

မေး။ ။ ကမ္ဘာ့ဘဏ်ရဲ့ လူထုဗဟိုပြုစီမံကိန်းမှာ လူထုစည်းရုံးရေးမှုးတစ်ယောက်ရဲ့ အခန်းကဏ္ဍကို ပြောပြပေးပါဦး။

ဖြေ။ ။ ဒီစီမံကိန်းမှာ ကျွန်တော်တို့ လူထုစည်းရုံးရေးမှုးတွေက အဓိကပြည်သူနဲ့ထိတွေ့ရတဲ့ မျက်နှာစာဖြစ်ပါတယ်။ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ဒေသခံပြည်သူတွေ နားလည်သဘောပေါက်လာအောင်၊ ဒေသဖွံ့ဖြိုးရေးအစီအစဉ်တွေပေါ်ပေါက်လာအောင်၊ ရံပုံငွေကို စနစ်တကျစီမံခန့်ခွဲတတ်အောင်၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ လုပ်ငန်းလည်ပတ်မှု အဆင်ပြေအောင် စတာတွေအတွက် သင်တန်းပေးတာ၊ ညှိနှိုင်းဆောင်ရွက်ပေးတာတွေ အဓိကလုပ်ရပါတယ်။

မေး။ ။ ဒါဆိုရင် လူထုစည်းရုံးရေးမှုတွေက ဒီစီမံကိန်းရဲ့ အဓိက ကျတဲ့နေရာမှာရှိနေတာပေါ့။ လက်တွေ့လုပ်ဆောင်ရတဲ့ နေရာမှာဘယ်လောက်ထိ ကျေနပ်အားရမှုရှိပါလဲ။

ဖြေ။ ။ ကျွန်တော့် တစ်ယောက်ချင်း ပွင့်ပွင့်လင်းလင်း ၀န်ခံရရင်တော့ သိပ်တော့အားရမှုမရှိပါဘူး။ ဒီစီမံကိန်းရဲ့ အောင်မြင်မှုဟာ ဒေသခံလူထုရဲ့ ခေါင်းဆောင်မှုနဲ့စွမ်းဆောင်ရည်ရှိမှုပေါ်မူတည်နေတည်လို့ထင်ပါတယ်။ ဒေသခံပြည်သူတွေကို စွမ်းဆောင်ရည်မြှင့်တင်ပေးဖို့ ကျွန်တော့်မှာအရင် လုံလောက်တဲ့စွမ်းဆောင်ရည်နဲ့ အထောက်အပံ့တွေလိုပါတယ်။ သင်တန်းရထားတာတွေတော့ရှိပါတယ်။ ဒါပေမယ့် သင်တန်းမှာ အချိန်တိုအတွင်းမှာ ပို့ချတာတွေများလွန်းတဲ့အတွက် လက်တွေ့လုပ်ဆောင်တဲ့အခါ တော်တော်လေးခက်ခဲပါတယ်။ ကျွန်တော်ဆိုရင် အစပိုင်း ကျေးရွာကော်မတီတွေ ဖွဲ့တဲ့အခါမှာမှားယွင်းလုပ်ဆောင်ခဲ့တာတွေရှိပါတယ်။ အထူးသဖြင့် PRA (Participatory Rural Appraisal) နည်းလမ်းတွေနဲ့ပတ်သက်ပြီး လက်တွေ့ဘယ်လိုလုပ်ရမလဲဆိုတာတွေ သေချာမသိခဲ့ပါဘူး။ လက်တွေ့အသုံးချနိုင်မှုကို အခြေခံတဲ့ ထိရောက်တဲ့ သင်ကြားမှုနည်းနာတွေနဲ့ ပေးနိုင်မယ်ဆိုရင်ပိုကောင်းပါတယ်။

မေး။ ။ ဒီစီမံကိန်းရဲ့ အားသာချက်၊ အားနည်းချက်တွေအပေါ် ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ ကမ္ဘာ့ဘဏ်စီမံကိန်းက ကျေးရွာလူထုကိုယ်တိုင်က မိမိရပ်ရွာဖွံ့ဖြိုးရေးအတွက် ကိုယ်တိုင်စီမံကိန်းဆွဲ ကိုယ်တိုင်ဦးဆောင်အကောင်အထည်ဖော်နိင်တဲ့ စီမံကိန်းဖြစ်လို့ ရည်ရွယ်ချက်ကောင်းမွန်တဲ့ စီမံကိန်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်တွေ့အကောင်အထည်ဖော်ရာမှာ စိန်ခေါ်မှုကြီးမားလို့ ရည်ရွယ်ချက် လိုရင်းမရောက်ဘူးဖြစ်နေတယ်။ စီမံကိန်းအကောင်အထည်ဖော်တဲ့အခါ စီမံကိန်းရဲ့ အချိန်မီလုပ်ငန်းပြီးမြောက်ဖို့ကို ဦးစားပေးတဲ့အခါ လူထုပူးပေါင်းပါဝင်မှုကို ဂရုမစိုက်တော့တာတွေရှိပါတယ်။ စနစ်တကျမလုပ်ပဲ အဆင့်ကျော်တာမျိုးတွေပေါ့။ ဥပမာပြောရရင် - ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်စာအုပ် မပြီးစီးသေးဘဲ စတင်ဖို့အဆောတလျင်ဆောင်ရွက်တာတွေရှိပါတယ်။ နောက်ပြီးဒေသခံပြည်သူတွေ အလုပ်များတဲ့လတွေမှာ စီမံကိန်းစ၀င်တော့ အစည်းအဝေးလုပ်ဖို့အဆင်မပြေဖြစ်တာတွေကို အတင်းဖိအားပေးဆောင်ရွက်ခိုင်းတာတွေရှိပါတယ်။ တစ်ချို့နေရာတွေမှာဆို ကော်မတီတွေ အချိန်မီပြီးအောင် ဇွတ်ဖွဲ့ရတော့ ပါဝင်သင့်သူတွေမပါဝင်လာတာတွေရှိပါတယ်။

မေး။ ။ စီမံကိန်းပေါ်အကြံပြုပြောပေးပါဦး။

ဖြေ။ ။ကျွန်တော့်အနေနဲ့ ပြောချင်တာက ဒီစီမံကိန်းဟာ ပရောဂျက် အကောင်အထည်ဖော်ရေး၊ ပြီးစီးရေး ပုံစံနဲ့ပဲ ဆောင်ရွက်မယ်ဆိုရင် လိုရင်းရောက်မှာမဟုတ်ပါဘူး။ အချိန်နဲ့ အလုပ်လုပ်ရတာဖြစ်ပေမယ့် ပကတိအောက်ခြေမှာ ရှိတဲ့စိန်ခေါ်မှုတွေကို အခြေခံပြီး လက်တွေ့ကျကျစဉ်းစားနိုင်ဖို့အရေးကြီးပါတယ်။ ကျွန်တော့်အမြင်တော့ ရံပုံငွေတွေရရှိတိုင်းတိုးတက်တာမဟုတ်ပါဘူး။ တစ်ချို့ဒေသတွေမှာဆို စီမံကိန်းဝင်လိုက်မှ ရွာနှစ်ခြမ်းကွဲသွားတာတွေလည်း ရှိပါတယ်။ လက်ရှိဆိုရင်စီမံကိန်း တိုးချဲ့ဆောင်ရွက်ဖို့စတင်နေပါပြီ။ အောက်ခြေမှာ အမှန်တစ်ကယ်ဖြစ်ပျက်နေတာတွေကို ဖော်ထုတ်ပြီး ပြောင်းလဲဆောင်ရွက်ဖို့လိုကြောင်းပြောလိုပါတယ်။ နောက်ပြီးကမ္ဘာ့ဘဏ်နဲ့ ဌာနအနေနဲ့လည်း လူထုစည်းရုံးရေးမှုးတွေကို လုံလောက်တဲ့ စွမ်းဆောင်ရည်မြှင့်တင်မှုနဲ့ ထောက်ပံ့မှုတွေ ဒီ့ထက်အားကောင်းအောင်ဆောင်ရွက်ပေးစေလိုပါတယ်။ ကျေးဇူးတင်ပါတယ်။

bottom of page