How well does the global humanitarian system function?
ယိုယွင်းနေသော လူသားချင်းစာနာထောက်ထားမှုများ (သို့မဟုတ်) အရေးပေါ်အခြေအနေများအတွက် ထောက်ပံ့မှုတွေ တစ်ကယ်ရောအကူအညီဖြစ်ရဲ့လား?
ငြိမ်းဇာနည်နိုင်
ယနေ့ ကမ္ဘာကြီးမှာ သဘာဝဘေးအန္တရာယ်တွေ၊ စစ်ပွဲတွေ နဲ့ ကပ်ရောဂါအမျိုးမျိုး စတဲ့ဒဏ်တွေခံစားရတဲ့ ဒုက္ခသည်လူဦးရေတွေဟာ တစ်နေ့ထက် တစ်နေ့များပြားလာပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေနဲ့ပတ်သက်လာရင် အနောက်နိုင်ငံက အလှုရှင်တွေ၊ ကမ္ဘာ့ကုလသမဂ္ဂနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေဟာ ငွေကြေး၊ လူအင်အားနဲ့ အရင်းအမြစ်တွေကို ရယူသုံးစွဲပြီး အဓိကကျတဲ့ အခန်းကဏ္ဍကနေပါဝင်ဆောင်ရွက်နေတာ ဆယ်စုနှစ်များစွာကြာခဲ့ပါပြီ။ ဒီလုပ်ဆောင်မှုတွေဟာ အမှန်တစ်ကယ်ရော ထိရောက်မှုရှိရဲ့လား ပြန်လည်သုံးသပ်ဖို့လိုလာပါတယ်။ ၂၀၁၅ခုနှစ် ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထောက်အပံ့များအစီအရင်ခံစာမှာတင်ပြထားတာကတော့ နိုင်ငံတကာက အကူအညီအထောက်အပံ့တွေရဲ့ ၀.၂ ရာခိုင်နှုန်းသာ ဒေသခံအဖွဲ့အစည်းများထံ တိုက်ရိုက်ရောက်ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ အင်မတန်စိုးရိမ်စရာကောင်းတဲ့ တွေ့ရှိချက်ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၆ ဧပြီလက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထောက်အပံ့များကို လေ့လာစောင့်ကြည့်တဲ့ အိုဒီအိုင်အဖွဲ့ကြီးရဲ့ “လွှတ်ပေးဖို့အချိန်တန်ပြီလော၊ လူသားချင်းစာနာထောက်ထားမှုများ အသစ်တစ်ဖန်မွေးဖွားခြင်း” Time to let go: Remaking Humanitarian Action for Modern Era” ဆိုတဲ့ အစီရင်ခံစာထွက်ပေါ်လာပါတယ်။ ဒီအစီရင်ခံစာမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထောက်အပံ့ပေးမှု စနစ်တစ်ခုလုံးဟာ ပျက်စီးယိုယွင်းနေပြီး အလုပ်မဖြစ်ဘူးလို့ဆိုပါတယ်။ အဓိကအကြောင်းရင်းကတော့ ‘အနောက်တိုင်းကလွှမ်းမိုးထားတဲ့ ရှေးရိုးစွဲစနစ်၊ အစဉ်အလာတွေနဲ့ ဗျူရိုကရေစီယန္တရားတွေကြောင့်” ဖြစ်တယ်လို့ကောက်ချက်ချပါတယ်။ ဒီနေရာမှာ သမိုင်းကြောင်းကို ပြန်ကြည့်ရင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထောက်အပံ့ပေးမှုတွေ စတင်မြစ်ဖျားခံလာရာအချိန်ဟာ ဒုတိယ ကမ္ဘာစစ်အပြီးကာလဖြစ်ပါတယ်။ ကုလသမဂ္ဂ၊ ကြက်ခြေနီနဲ့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းများနဲ့စင်ပြိုင် ဥရောပကိုလိုနီစနစ်နောက်ခံက ပေါ်ထွက်လာတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထောက်အပံ့ပေးမှု စနစ်တည်ဆောက်ပုံ၊ စည်းမျဉ်းစည်းကမ်းနဲ့လုပ်ကိုင်ဆောင်ရွက်ပုံတွေဟာ အနောက်တိုင်းအယူအဆ တွေပေါ်မှာသာ သန္ဓေတည်ခဲ့ပြီး၊ အနောက်ကအဖွဲ့အစည်းများရဲ့ ပါဝါနဲ့လွှမ်းမိုးချုပ်ကိုင်မှုများကို ပိုမိုအားကောင်းစေတဲ့ စနစ်တစ်ခုအသွင်ဖြစ်လာပါတယ်။
ပြင်းထန်များပြားလာတဲ့ ဒေသအဆင့်အရေးပေါ်အခြေအနေအမျိုးမျိုးကို ထိရောက်ရောက် တုံ့ပြန်နိုင်ဖို့ဟာ ဒီနေ့ကမ္ဘာမှာ ကြီးမားတဲ့လိုအပ်ချက်ဖြစ်ပါတယ်။ အဲ့ဒီအတွက် ပျက်စီးယိုယွင်းနေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထောက်အပံ့ပေးမှုစနစ်ကြီးတစ်ခုလုံးကို အလျင်အမြန်ပြင်ဆင်ဖို့လိုအပ်လာပါတယ်။အစီအရင်ခံစာရဲ့ သုံးသပ်ချက်ကို အခြေခံပြီးဆွေးနွေးရရင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထောက်အပံ့ပေးမှုစနစ် ပြုပြင်ပြောင်းလဲဖို့ အဓိကအချက်သုံးချက်တွေ့ရှိပါတယ်။ ၁။ ဒေသခံအဖွဲ့အစည်းများဟာ လျင်မြန်ထိရောက်ပြီး လိုအပ်ချက်ကို ပိုမိုသိရှိဖြည့်ဆည်းပေးနိုင်တာကြောင့် ငွေကြေးနဲ့လိုအပ်တဲ့အရင်းအမြစ်တွေကို ဒေသအဖွဲ့အစည်းတွေကို တိုက်ရိုက်ရောက်ရှိအောင်ဆောင်ရွက်ဖို့ဟာ အရေးအကြီးဆုံးအချက်ဖြစ်ပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေအနေနဲ့ ထိန်းချုပ်မှုနဲ့လွှမ်းမိုးမှုတွေကို လက်လွှတ်ဖို့လိုပါတယ်။ “ဘာပေးနိုင်တယ်” ဆိုတာထက် “ဘယ်လိုအကူအညီမျိုးပေးဖို့လိုလဲ” ဆိုတဲ့မေးခွန်းပြောင်းမေးဖို့ဖြစ်ပါတယ်။ ၂။ လက်ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထောက်အပံ့ပေးရေး ဆိုင်ရာအောင်မြင်မှုအပေါ်တိုင်းတာမှုများကို ပြောင်းလဲစဉ်းစားဖို့လိုပါတယ်။ အလှုရှင်များရဲ့ “အချိန်တိုတိုနဲ့အကျိုးများများရရှိရေး” ကိုမူတည်တဲ့မူဝါဒများဟာ အဖွဲ့အစည်းများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုထက် ပြိုင်ဆိုင်မှုကို ဖြစ်ပေါ်စေပြီး၊ နောက်ဆုံးမှာ နိုင်ငံတကာအဖွဲ့အစည်းကြီးတွေကပဲ ပြန်လည်လွှမ်းမိုးသွားတဲ့ အခြေအနေတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဒါကြောင့် အရေးပေါ်အခြေအနေကြုံတွေ့နေရသူများရဲ့ အဆင့်ဆင့်ပြောင်းလဲခြင်းနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရလဒ်များလုပ်ဆောင်နိုင်ခြင်းကို အခြေခံတဲ့ပေါ်လစီများ ပြောင်းလဲစဉ်းစားဖို့လိုပါတယ်။ ၃။ “လူသားချင်းစာနာထောက်ထားမှု” ဆိုတာကိုပြန်လည်းအဓိပ္ပာယ်ဖွင့်ဆိုဖို့ဖြစ်ပါတယ်။ humanity, neutrality, impartiality, independence အစရှိတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စည်းမျဉ်များကို အခြေခံပြီးဆောင်ရွက်တဲ့အခါမှာ နိုင်ငံရေးနဲ့ပဋိက္ခအခြေအနေတွေကို လည်းထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ အစဉ်အလာအရစဉ်းစားနည်းဖြစ်တဲ့ တုံ့ပြန်ဆောင်ရွက်ခြင်း၊ ပြန်လည်ထူထောင်ခြင်း၊ ဖွံ့ဖြိုးရေးဆောင်ရွက်ခြင်းဆိုတာတွေကို တစ်ခုပြီးမှတစ်ခုဆောင်ရွက်တာမျိုးဟာ ပြောင်းလဲလာတဲ့အရေးပေါ်အခြေအနေများနဲ့ ကိုက်ညီမှုအမြဲမရှိနိုင်ပါဘူး။ ဒါကြောင့် လိုက်လျောညီထွေပြီး ချဉ်းကပ်မှုပေါင်းစုံနဲ့ ဆောင်ရွက်တဲ့ “ခေတ်သစ်လူသားချင်းစာနာထောက်ထားမှု” ကိုစဉ်းစားဖို့လိုပါတယ်။ ဒီနေရာမှာလည်း ဒေသအဖွဲ့အစည်းများကို ဗဟိုပြုစဉ်းစားဖို့ အခရာကျမှာဖြစ်ပါတယ်။လာမယ့် သြဂုတ် ၁၉ ရက်နေ့ဟာ ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနေ့ဖြစ်ပါတယ်။ လက်ရှိအနေနဲ့ ကမ္ဘာအရပ်ရပ်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေနဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်ချက်တွေ၊ ဆန်းစစ်မှုတွေလုပ်လာကြပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်းနောက်ပိုင်းကနေ စပြီး နိုင်ငံတကာက အကူအညီအထောက်အပံ့တွေဟာ အလုံးအရင်းနဲ့ဝင်ရောက်လာပြီး လက်ရှိလည်း ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ အပေါ်မှာဆွေးနွေးခဲ့တဲ့အချက်တွေကို အခြေခံပြီး ကျွန်တော်တို့နိုင်ငံမှာလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ ထိရောက်မှုရှိရဲ့လား နိုင်ငံသားတိုင်းဝိုင်းဝန်း ဆန်းစစ်သုံးသပ်ြကဖို့ အချိန်တန်ပြီဖြစ်ကြောင်း တိုက်တွန်းအပ်ပါတယ်။