top of page

Language matters in development

  • Pyae Phyo Maung
  • Jul 14, 2016
  • 1 min read

“ရေးရန် သို့တည်းမဟုတ် ဖတ်ရန်အတွက်အဖုံးအတွင်း၌တွဲချုပ်ထားရသောစာရွက်များစုစည်းမှု”

ဖော်ပြပါခက်ဆစ်အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ပတ်သက်ပြီး စာဖတ်သူနားလည်ပါရဲ့လား။ ဖြည်းဖြည်းတွေးတော့ ရေးရေးပေါ်ဆိုသလို ဖြစ်လာမည်မှာမလွဲပင်။ အဲ့ဒါဘာကြီးလဲလို့မေးလိုက်ရင်တော့ မိခင်ဘာသာစကားနဲ့ ပြောရရင် “စာအုပ်” ပါ။

ကျွန်တော်တို့ ဖွံ့ဖြိုးရေးလောကမှာလည်း ဘာသာစကားဆိုတာ တော်တော်လေးကိုအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အလှူရှင်အတော်များများက နိုင်ငံတကာကဖြစ်နေလို့ပါပဲ။ ကျွန်တော်တို့နိုင်ငံကိုပဲ ကြည့်ကြပါစို့။ ဖွံ့ဖြိုးရေးအဖွဲ့အတော်များများဟာ အင်္ဂလိပ်လိုမဖြစ်မနေရေးရ၊ ပြောရပါတယ်။

ဒါပေမယ့်လည်း ဖွံ့ဖြိုးရေးစကားလုံးတွေကို အနက်ဖွင့်ဘာသာပြန်ရတာဟာ အခက်အခဲတစ်ခုဖြစ်နေပါသေးတယ်။ ယုတ္တိဘောင်တို့၊ ပြဿနာသစ်ပင်တို့ဆိုတာ ဖွံ့ဖြိုးရေးနယ်ပယ်ကမဟုတ်တဲ့ မိတ်ဆွေတွေကိုသွားပြောရင် မြန်မာစကားပြောနေတာမှဟုတ်ရဲ့လားလို့အမေးခံရမှာ ကျိန်းသေပါပဲ။

ကျွန်တော်တို့ဆီမှာ ဖွံ့ဖြိုးရေးစကားလုံးတွေကို ကျစ်ကျစ်လျစ်လျစ်ဘာသာပြန်ဆိုနိုင်တာမျိုးနည်းပါးပြီး၊ စကားလုံးတွေရဲ့အနက်ကိုသာ အရှည်ဘာသာပြန်ရတာမျိုးများပါတယ်။ ဖွံ့ဖြိုးရေးလောကမှာ IEC ဆိုရင် လူတိုင်းသဘောပေါက်တယ်၊ ဒါကို သတင်းအချက်အလက်ပေးခြင်း၊ ပညာပေးခြင်း၊ ဆက်သွယ်ဆောင်ရွက်ခြင်းလို့ ထပ်ခါထပ်ခါပြောနေရရင် စကားပြောရာမှာရော၊ စာရေးရာမှာပါ လိုရင်းကို မရောက်ဘဲ ရှည်လျားသွားစေပါတယ်။

အဲ့ဒါကြောင့်မို့လို့လည်း ဖွံ့ဖြိုးရေးသမားတွေက အချင်းချင်းပြောဆိုတဲ့အခါမှာ အင်္ဂလိပ်လိုကြားညှပ်သုံးတတ်တဲ့ အလေ့ရလာခဲ့တယ်။ အဲ့အကျင့်လေးပါသွားရင်းကနေ လူထုကိုပါ၊ ရွာထဲမှာပါ အင်္ဂလိပ်လိုတွေကြားညှပ်ပြောတာမျိုးတွေ ဖြစ်လာတယ်။

ဒါကစကားပြောတဲ့အခါ တွေ့ရတဲ့အခက်အခဲပါ …

စာရေးတဲ့နေရာမှာရော … နည်းပညာဆန်တဲ့အစီရင်ခံစာတွေကို ကွင်းဝန်ထမ်းတွေ၊ ဒေသက ဝန်ထမ်းတွေ၊ လူထုတွေ နားလည်အောင်ဘာသာပြန်တဲ့အခါမှာကျတော့ မူရင်းရည်ရွယ်ချက်က အများနားလည်အောင်ဆိုပေမယ့် ခုနကပြောခဲ့တဲ့ နည်းပညာဆန်တဲ့ဝေါဟာရတွေကို ရှည်လျားစွာဘာသာပြန်ရင်းကနေ မြန်မာတွေနားမလည်နိုင်တဲ့ မြန်မာအစီရင်ခံစာ တစ်စောင်၊ စာတစ်အုပ် ဖြစ်လာပြန်ပါတယ်။ ဝန်ထမ်းတွေ၊ လူထုတွေအနေနဲ့ကလည်း သူတို့နားမလည်နိုင်တဲ့ စာအုပ်ကြီးကိုဖတ်ပြီး ရပ်ထဲရွာထဲမှာအလုပ်လုပ်ရတဲ့အခါမျိုးကျတော့ တကယ့်အခက်အခဲတစ်ခုဖြစ်လာပြန်ပါတယ်။

တခါတလေ ကျွန်တော်ကိုယ်တိုင်တောင် မြန်မာလိုဖတ်ရင်းကနေ အင်္ဂလိပ်လိုပြန်ကြည့်မှ နားလည်တာမျိုးရှိပါတယ်။ ကျွန်တော် အင်္ဂလိပ်လိုပိုကျွမ်းလို့မဟုတ်ပါဘူး။ စာအုပ်ကို စာအုပ်လို့ မရေးနိုင်ဘဲ ကျွန်တော်ပေးတဲ့ဥပမာလိုမျိုးအနက် ဖွင့်ထားတာတွေများလွန်းလို့ပါ။

ခုပဲကြည့်လေ … ကျွန်တော်တို့ M&E နယ်ပယ်၊ စောင့်ကြည့်လေ့လာခြင်းနဲ့ပြန်လည်သုံးသပ်ခြင်းနယ်ပယ်ဆိုပါတော့လေ၊ အဲ့မှာတောင် ဘာသာပြန်ရခက်ခဲတဲ့စကားလုံးတွေအများကြီး ရှိနေတယ်။ ကိုယ်တိုင်နားလည်သလိုလိုနဲ့ အများကို နားလည်အောင်ပြန်ပြောရခက်တဲ့စကားလုံးတွေ အများကြီးရှိတယ်။

ဖွံ့ဖြိုးရေးဆိုတာ မဖွံ့သေးတဲ့နိုင်ငံ၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက်တော့ မရှိမဖြစ်ပါ။ အဲ့တော့ ဒီဘာသာစကား အခက်အခဲကို ကျွန်တော်တို့ ဘယ်လိုကျော်လွှားကြရင်ကောင်းမလဲ။ ကျွန်တော်လည်းအဖြေရှာနေဆဲပဲ။

တချို့အဖွဲ့အစည်းတွေမှာ ဖွံ့ဖြိုးရေးဝေါဟာရတွေကို စုစည်းပြီးစာအုပ်ငယ်လေးတွေထုတ်ထားတာတွေ့လာ ရတယ်။ ဒါပေမယ့် သူတို့လည်း တိုက်ရိုက်ဘာသာပြန်ထားတာနဲ့အတူ အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်တွေတော့ ထည့်ပေးနေရတုန်းပဲ ပေါ့လေ။ ကျစ်လျစ်ပြီးအများသဘောတူလက်ခံတဲ့ဖွံ့ဖြိုးရေးနဲ့ပတ်သက်တဲ့ မြန်မာဝေါဟာရတွေမပေါ်ပေါက်သေးသရွေ့ ဒီအခက်အခဲတွေကို ကျွန်တော်တို့မကျော်လွှားနိုင်သေးပါဘူး။

ဘာပဲဖြစ်ဖြစ် ဒါက ကြိုဆိုရမယ့် အစပျိုးမှုလို့ ကျွန်တော်တော့မြင်မိတယ်။ ဒါတွေကို ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေဖို့ လိုသလို ဒီလိုအဖွဲ့တွေစုစည်းပြီးလုပ်ရင် ပိုပြီးကောင်းသွားမယ်လို့ထင်မိတယ်။

bottom of page